အများနှင့်သက်ဆိုင်သောကုမ္ပဏီသည် အများပြည်သူသို့အစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်းအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ
  • အများပြည်သူသို့အစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်းအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ကော်မရှင်သို့တင်ပြရမည်။ ( SECM Notification 2/2015 – အပိုဒ် ၄(က) )
  • ထိုကဲ့သို့တင်ပြရာတွင် အလားအလာညွှန်းတမ်း (Prospectus) နှင့်အတူ လိုအပ်သည့်အချက်အလက်များ ပါဝင်သော စာရွက်စာတမ်းများကို ပြုစုတင်ပြရမည်ဖြစ်ပါသည်။( SECM Notification 2/2015 – အပိုဒ် ၄(ခ) )
  • တင်ပြသော အချက်အလက်များအပေါ် ကော်မတီက စိစစ်ပြီး ကျေနပ်မှုရှိလျှင် အများပြည်သူသို့ ကမ်းလှမ်းရောင်းချရန် အတည်ပြုချက် ထုတ်ပေးမည်။( SECM Notification 2/2015 – အပိုဒ် ၄(ဂ) )
  • အလားအလာညွှန်းတမ်းကို ကော်မရှင်ထံမှ အတည်ပြုချက်ရယူပြီးသည့်အခါ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနသို့ တင်ပြရပါမည်။( SECM Notification 2/2015 – အပိုဒ် ၄(ဃ) )
  • ကော်မရှင်မှအတည်ပြုချက်ရရှိပြီးနောက် အများနှင့်သက်ဆိုင်သောကုမ္ပဏီသည် ငွေချေးသက်သေခ့လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၅) အပိုဒ် ၅ တွင်ဖော်ပြထားသောအထောက်အထားများနှင့်အတူအောက်ဖော်ပြပါနည်းလမ်းတစ်မျိုးမျိုးဖြင့် ထုတ်ပြန် ကြေညာရမည်။
    • သတင်းစာများတွင်ထည့်သွင်းခြင်း
    • ငွေချေးသက်သေခံလက်မှတ်ထုတ်ဝေသူ၏ မှတ်ပုံတင်ထားသည့်ရုံး၊ ငွေချေးသက်သေခံလက်မှတ်များကို ဖြန့်ဝေသည့် ကုမ္ပဏီများ၏ရုံး၊ အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချကြောင်း ကြေညာသည့် အခမ်းအနားတို့တွင် စာရွက်စာတမ်းအနေဖြင့် အခမဲ့ဖြန့်ဝေခြင်း
    • ငွေချေးသက်သေခံလက်မှတ်ထုတ်ဝေသူ၏ ဝက်(ဘ်)ဆိုက်တွင် အီလက်ထရောနစ်ပုံစံဖြင့်ထားရှိခြင်း (SECM Notification 2/2015 – အပိုဒ် ၇)
  • အများပြည်သူသို့ကမ်းလှမ်းရောင်းချခြင်းပြီးစီးပြီးနောက်တွင် မှုရလာဒ်အား ကော်မရှင်သို့ ချက်ချင်းတင်ပြရမည်။ ( SECM Notification 2/2015 – အပိုဒ် ၄(င) )
အလားအလာညွှန်းတမ်း ( Prospectus) ( SECM Notification 2/2015 – အပိုဒ် ၅(က) )

အလားအလာညွှန်းတမ်းတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှသတ်မှတ်ထား သော ပုံစံအပေါ်အခြေခံ၍ အောက်ပါသတင်းအချက်အလက်များ ပါဝင်ရမည်။

  • (၁) ငွေချေးသက်သေခံလက်မှတ်များကို အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း လုပ်ငန်းစဉ်များ၊
  • (၂) အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာ သတင်းအချက်အလက်များ၊
  • (၃) ကမ်းလှမ်းရောင်းချမည့် ငွေချေးသက်သေခံလက်မှတ်ဆိုင်ရာ သတင်းအချက်အလက်များ၊
  • (၄) ရှယ်ယာထုတ်ဝေသူ၏ သတင်းအချက်အလက်များ၊
  • (၅) ကုမ္ပဏီသမိုင်းကြောင်းနှင့်ဖွံ့ဖြိုးတိုးတက်မှု၊ ယင်း၏ပင်မနှင့်လက်အောက်ခံ ကုမ္ပဏီများ၊ ယင်းနှင့် ဆက်စပ်သည့် ကုမ္ပဏီများ၊ ယင်း၏ ဝန်ထမ်းများ စသည်တို့နှင့်ပတ်သက်သည့် သတင်းအချက် အလက်များအပါအဝင် ကုမ္ပဏီ၏ အကြောင်းအရာအကျဉ်းချုပ်၊
  • (၆) ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အဓိကဈေးကွက်များ၊ ကုမ္ပဏီရင်ဆိုင်ရဖွယ်ရှိသည့် ဆုံးရှုံးနိုင်မှု အလားအလာများ၊ အရေးကြီးသော စာချုပ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးမှုများ စသည်တို့ပါဝင်သည့် လုပ်ငန်းသုံးသပ်ချက်၊
  • (၇) ကုမ္ပဏီ၏ ရင်းနှီးမြှပ်နှံမှုအစီအစဉ်ဖော်ပြချက်၊
  • (၈) အဓိက အစုရှယ်ယာပိုင်ရှင်များ၊ အမြတ်ဝေစုမူဝါဒ၊ အဖွဲ့အစည်း ဖွဲ့စည်းမှု ပုံဏ္ဍာန်၊ စီမံခန့်ခွဲမှုစနစ် စသည့် သတင်းအချက်အလက်များ ပါဝင်သည့် ကုမ္ပဏီ၏ အကြောင်းအရာဖော်ပြချက်၊

လိုအပ်သော စာရွက်စာတမ်းများ (SECM Notification 2/2015 – အပိုဒ် ၅(ခ))

အလားအလာညွန်းတမ်းတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်။

01
ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း မိတ္တူတစ်စောင်၊

02
အလားအလာညွှန်းတမ်းထုတ်ဝေမှုမတိုင်မီ ဘဏ္ဍာရေးနှစ်၂နှစ်၏ စာရင်းစစ်ပြီး လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်း မိတ္တူတစ်စောင်၊ အသစ်ဖွဲ့စည်းသည့် ကုမ္ပဏီများဖြစ်ပါက ယင်းတို့အစား ၅ နှစ်စာလုပ်ငန်းစီမံချက်၊

03
လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်းတို့တွင်ပူးတွဲထားသည့် စာရင်းစစ်များ၏ အစီရင်ခံစာ မိတ္တူတစ်စောင်၊ (ရှိလျှင်)

04
မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၁၃၁၊ ပုဒ်မခွဲ (က) အရ ဒါရိုက်တာများ၏ အစီရင်ခံစာ မိတ္တူတစ်စောင်၊ (ရှိလျှင်)

05
(၅) ရှယ်ယာများ ထုတ်ဝေရေးနှင့် ပတ်သက်သည့် ဒါရိုက်တာအဖွဲ့ဝင်များ သို့မဟုတ် ဒါရိုက်တာဘုတ် အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက် သို့မဟုတ် ရှယ်ယာရှင်များ၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေး သို့မဟုတ် အထူးနှစ်ပတ်လည်အထွေထွေအစည်းအဝေးဆုံးဖြတ်ချက် မိတ္တူတစ်စောင်၊ (ရှိလျှင်)

06
ကုမ္ပဏီ၏ ရင်းနှီးငွေတိုးမြှင့်မှု သို့မဟုတ် ရင်းနှီးငွေထည့်ဝင်ပုံ ပြောင်းလဲမှုတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းမှ အတည်ပြုထားသည့် စာရွက်စာတမ်း မိတ္တူတစ်စောင်၊

အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချပြီးနောက် ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင်စာရင်းဝင်လိုသော ကုမ္ပဏီများ၏ ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်များ

အများပြည်သူသို့ အစုရှယ်ယာကမ်းလှမ်းရောင်းချခြင်းပြုလုပ်လိုပါက၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့သာ တင်ပြပြီးအတည်ပြုချက်ရယူရန်လိုအပ်သည်။

သို့သော်လည်း ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင်ပါ စာရင်းဝင်မှတ်ပုံတင်ခြင်းပြုလုပ်လိုပါက ရန်ကုန်စတော့ အိတ်ချိန်း၏ သတ်မှတ်ထားသော စံအရည်အသွေးတစ်ခုချင်းအလိုက် အသေးစိတ်စိစစ်ခြင်းကို အောင်မြင်နိုင်ရပါမည်။ ထို အသေးစိတ်စိစစ်ခြင်းအတွက် ထုတ်ပြန်ထားသော အရည်အသွေးသတ်မှတ်ချက်(၁၇) ချက်ရှိပါသည်။

ထို အရည်အသွေးသတ်မှတ်ချက် “စံ” များကို သိရှိလိုပါက,ဒီကိုနှိပ်ပါ။ Click here.

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် စာရင်းဝင်မှတ်ပုံတင်ခြင်းအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိလိုပါက, ဒီကိုနှိပ်ပါ။Click here.